ကိုယ်ပိုင်စီးပွားရေးလုပ်နေပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်
အရင်တုန်းက အဲဒီစကားကို ကြားလိုက်ရရင် ရင်တွေတောင်တုန်တယ်။ မျက်လုံးတွေ အရောင်ထွက်ပြီး အသည်းအမည်းလိုက်တယ်။ ဖြစ်ချင်လွန်းလို့။ ဒီအရွယ်ရောက်တော့လည်း ငပေါတွေပါလားဆိုပြီး ခွီမိတယ်။ အသက် ၂၃၊ အင်္ဂလန်ပြန် (အရင်ကဆို ဘိလပ်ပြန်ပေါ့)၊ ခေတ်ပညာတတ်။ ပိုက်ဆံဘယ်လိုအပေါက်က ရမလဲတွေးနေတဲ့ လူငယ်တစ်ယောက်အတွက်က အဲဒီစကားက တော်တော်တာသွားတာပဲ။ ပြီးတော့ ထပ်ဖြည့်ပြောလိုက်တာက Early Retirement ဆိုပဲ။ သိပ်ပျင်းလွန်းတဲ့ကိုယ့်အတွက် ဆွယ်တာ ကွက်တိပဲ။ ထိချက်ပြင်းတယ်။
စင်္ကာပူက မိတ်ဆွေအဖိုးကြီး P K Tay ကိုသွားသတိရတယ်။ စင်္ကာပူမှာ အလုပ်လုပ်မယ်ဆိုတုန်းက အင်တာဗျူးမဝင်ခင် အဲဒီအဖိုးကြီးနဲ့ တစ်ခါတွေ့ရင် ၃ - ၄ နာရီကြာအောင် လေပန်းပြီး ၃ ခါလောက်တွေ့ခဲ့ဖူးတယ်။ မင်းဘာဖြစ်ချင်တာလဲလို့မေးတော့ အဲဒီအတိုင်းပဲဖြေလိုက်တာပေါ့။ ထပ်မေးတယ်။ အောင်မြင်တယ်ဆိုတာကို ဘာနဲ့တိုင်းသလဲတဲ့။ ကျွန်တော် အိမ်လေးတစ်လုံး၊ မိသားစုနဲ့ သင့်တင့်တဲ့ လခတစ်ခုနဲ့ နေနေရရင်ရောမကျေနပ်ဘူးလားတဲ့။ ကျေနပ်တယ်ဆိုရင်လည်း အဲဒီ ပျော်ရွှင်မှုဆိုတာကို ဘာနဲ့တိုင်းသလဲတဲ့။ အဲဒီတော့မှ ကျွန်တော်တွေးခဲ့တာတွေ မှားပါလားဆိုတာ ပြန်ဆင်ခြင်မိတယ်။
MLM ဆိုတာကြီးကို အခုခေတ်လူငယ်တွေ ကြုံသလို ငါးထောင်၊ တစ်သောင်းနဲ့ လေ့လာတာမဟုတ်ဘူးနော်။ Bel’ Air (Aroma therapy) လိုမျိုး ၁၃၂ သိန်း (၁၂၀ + ၁၀% Tax) နဲ့ စ လေ့လာတာ။ ပီကင်းဘဲကင်ကောင်းတယ်။ Franchise မပေးဘူး။ McDonald ကောင်းတယ်။ လုပ်ရတာပင်ပန်းတယ်။ Bel’ Air ကိုလုပ်ကြည့်။ အဲဒါကိုယ်ပိုင်စီးပွားရေးစစ်စစ်ဆိုပြီးလာပြောတယ်။ ကိုယ့်ဝမ်းထဲမှာ ကြိတ်ပြီး ခွီနေရတယ်။ Bel’ Air ကိုထုတ်တာ ကိုယ်ကိုယ်တိုင်ထုတ်တာမှမဟုတ်တာ။ သူ့ company ကထုတ်ပြီး ကိုယ့်ကိုလာရောင်းခိုင်းတာ။ အဲဒါကို ကိုယ်ပိုင်စီးပွားရေးလုပ်တာတဲ့။ သိပ်ကောင်းတဲ့ ပစ္စည်းမို့လို့ အပြင်မှာဝယ်လို့မရဘူး။ သူတို့ဆီမှာ အချင်းချင်းပဲဝယ်လို့ရတာ။ အဲဒါ ကိုယ်ပြန်ရောင်းမှ တစ်ခြားသူတွေဝယ်လို့ရတာတဲ့။ စီးပွားရေးလုပ်တာ အဲဒီလိုလုပ်လို့ရလား။ စက်ရုံမှာသွားဝယ်ရင် မရောင်းဘူးလား။ မရောင်းရင် စက်ရုံမှာတင် member ဝင်လိုက်လေ။ ဒီအလုပ်လုပ်လို့ ကားဝယ်စီးနိုင်တယ်ဆိုရင် အဲဒီတုန်းက summit Parkview မှာ ကားအကောင်းစားတွေပြည့်နေခဲ့မှာပေါ့။ ESBI ဆိုတာကြီးနဲ့ကိုယ့်ကိုလာဆွယ်တယ်။ Who moved your cheese ဆိုတာလည်း လာပြောတယ်။ ESBI ကို apply လုပ်ပြပါဆိုတာနဲ့ လန်ထွက်သွားတယ်။ ကိုယ်ကိုယ်တိုင်တောင် မှန်မှန်မသုံးနိုင်တဲ့ပစ္စည်းတစ်ခုကို ကိုယ့်မိတ်ဆွေတွေကို အတင်းမရောင်းရက်ပါဘူး။ သူ့အိတ်ကပ်ထဲကငွေ ကိုယ့်အိတ်ကပ်ထဲရောက်မှ ထမင်းစားရမယ်ဆိုရင် ကျွန်တော် မစားဘဲနေလိုက်ပါတော့မယ်။ သူငယ်ချင်းရယ်၊ ငါမင်းအတွက်ပြောနေတာပါ။ သိပ်ကောင်းတဲ့စီးပွားရေးလုပ်ငန်းဖြစ်နေလို့ပါလို့ ဘယ်လောက်ပဲပြောပြော မင်း member ဝင်မှ ငါ့ပိုက်ဆံတွေ ပြန်ရမှာဆိုတဲ့ မျက်လုံးတွေက လိမ်လို့မရပါဘူး။
ကျွန်တော့်ဘဝမှာ မိဘက ကျွန်တော့်အတွက်လုပ်ပေးခဲ့တဲ့အရာတွေထဲကမှ အချက်နှစ်ခုကို ထူးထူးကဲကဲ ကျေးဇူးတင်မိတယ်။ တစ်က အင်္ဂလန်အထိကျောင်းတက်နိုင်အောင်ပို့ပေးလို့။ ကျွန်တော်တက်ခဲ့တဲ့ကျောင်းက သာမန်ကျောင်းပါ။ ဒါပေမယ့် အခုထိသုံးမကုန်အောင်ပညာတွေ၊ ဘဝအတွေ့အကြုံတွေ ကျန်နေဆဲဖြစ်ပါတယ်။
ကျွန်တော့်အတွေးအခေါ်တွေခေတ်မီဆဲလို့ပြောလို့ရပါတယ်။ အဓိပ္ပါယ်သိပ်ရှိခဲ့မယ်ဆိုရင် ကျွန်တော့်မိဘတွေက MLM Member ဝင်ပြီး ကျွန်တော့်အတွက် ခိုင်မာတဲ့ line ကြီးတစ်ခု ပေးခဲ့မှာပေါ့။ ဒီလိုပြောလို့ ကျွန်တော့်အမေကိုယ်တိုင်လည်း Gifferine လုပ်ခဲ့ဖူးတယ်နော်။ သူ့အောက်လိုင်းကသူ လက်စွမ်းထက်လို့ သူအကျိုးခံစားရတာတွေရှိခဲ့ဖူးတယ်။
နောက်တစ်ချက်က ရွက်လှေအားကစားလုပ်ဖို့ အားပေးပံ့ပိုးခဲ့ခြင်းဖြစ်ပါတယ်။ အားကစားတွေအမျိုးမျိုးရှိတဲ့အထဲမှာ အခက်ဆုံးနဲ့ ဥာဏ်အလိုအပ်ဆုံး အားကစားနှစ်ခုက ရွက်လှေနဲ့ မြင်းစီးဖြစ်ပါတယ်။ သက်ရှိသတ္တဝါမြင်းကို ထိန်းကျောင်းပြီးစီးရလို့ခက်သလို၊ သဘာဝကိုအန်တုပြီး ပြိုင်ပွဲဝင်ရတဲ့ ရွက်လှေကလည်း စဉ်းစားဥာဏ်တွေလိုပါတယ်။
ကမ္ဘာမှာပတ်ကြည့်လိုက်။ ချမ်းသာတယ်ဆိုတဲ့ သူဌေးတွေ ကားအကောင်းစားမစီးဘူး။ ရွက်လှေဝယ်စီးကြတယ်။ တော်ဝင်မိသားစုတွေ မြင်းစီးကြတယ်။ MLM, MMM, Gold Trading, Stock & Share, Forex စတာတွေလုပ်နေပြီး အောင်မြင်ပါတယ်လို့ပြောတဲ့သူတွေကို အဲဒီအားကစားတွေ ပတ်ဝန်းကျင်မှာ အရိပ်တောင်မနင်းနိုင်ပါလား။ ညဘက် အကောင်းစား စားသောက်ဆိုင်တွေဆီမှာ စားသောက်နေကြတာ အဲဒီကလူတွေ မပါ ပါလား။ ဒါနဲ့ကြုံလို့ ဆက်ပြောဦးမယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ရွက်လှေသမားတစ်ယောက်ရဲ့အိမ်မှာ စ တင်ခဲ့တာဆိုရင် သိပ်အံ့သြသွားမလား။ MPC မှာဆွေးနွေးတယ်ဆိုတာ အဲဒီအိမ်ကနေကူးသွားပြီးနောက်ပိုင်းမှဖြစ်လာတာပါ။ မြန်မာနိုင်ငံရဲ့ ပထမဆုံးဘုရင်ခံက ရန်ကုန်ရွက်လှေအသင်းရဲ့ ပထမဆုံး ဥက္ကဌပါ။ ဦးနေဝင်းဆီမှာတောင် အီတလီနိုင်ငံအကြီးအကဲက လက်ဆောင်ပေးတဲ့ ရွက်လှေနှစ်စီးတောင်ရှိခဲ့ပါတယ်။ ဒီလိုအသိုင်းအဝိုင်းပတ်ဝန်းကျင်မှာ အဲဒီလူတွေ မတွေ့ရပါလား။ စာဖတ်သူများ ဆက်စဉ်းစားကြပါတော့။ ကိုယ့်ကိုလာဆွယ်နေသူတွေက အောင်မြင်တဲ့ ကိုယ်ပိုင်စီးပွားရေးသမားတွေဆိုရင် အဲဒီအသိုင်းအဝိုင်းကလူတွေနဲ့ သိနေမှာပေါ့။
တကယ်အောင်မြင်တယ်ဆိုတာဘာလဲ။ ကိုယ့် visiting card ပေးစရာမလိုဘဲ လူတွေကသိနေရင်။ ကိုယ့်လုပ်ရပ်တွေကြောင့် ကိုယ့် generation က
မျက်နှာပွင့်ဂုဏ်ယူနေရတယ်ဆိုရင် အောင်မြင်ပြီလို့ ကျွန်တော် သတ်မှတ်လိုက်ပါတယ်။ စီးပွားရေးလုပ်တယ်ဆိုတာ ပြိုင်ပွဲမဟုတ်ပါဘူး။ လမ်းအတူတူလျှောက်နေကြတာပါ။ ဘေးလူကိုတွန်းပြီးမှ နေရာရမယ်ဆိုရင် ကိုယ်လုပ်နေတဲ့အလုပ်က သန့်စင်ရဲ့လား။ အလုပ်လက်တွဲလုပ်တယ်ဆိုတဲ့ win-win situation ကိုမယူဘဲ၊ ကိုယ့်အကျိုးအတွက် ဒီပစ္စည်းဝယ်ပါဆိုတာရော မှန်ရဲ့လား။
လောကမှာ အသက်ရှင်တုန်း လုပ်ချင်တာကိုလုပ်ခဲ့နိုင်တယ်။ ဆိုးချင်သလောက် ဆိုး၊ မိုက်ချင်သလောက် မိုက်၊ ပေါချင်သလောက် ပေါ။ ရတယ်။ ပြဿနာမရှိဘူး။ ဒါပေမယ့် သမိုင်းမှာ တရားခံတော့ မဖြစ်စေနဲ့။
Credit , Kaung Myat Htut

Comments
Post a Comment