Skip to main content

ကြက်စွပ်ပြုတ်

(၁)
“အမေ တို့ ရှေးရိုးစွဲတွေ အဲဒါ ခက်တာပဲ။ ငယ်ငယ်ကလည်း ကြက်စွပ်ပြုတ် ၊ နည်းနည်းလေး အရွယ်ရောက်လာတော့ လည်း ကြက်စွပ်ပြုတ် ၊ အသက်ကြီး လာတော့လည်း ကြက်စွပ်ပြုတ် ပဲ။ အချိန်တိုင်း ကြက်စွပ်ပြုတ် တာတော့ ဘယ်ကောင်းမလဲ၊ ကမ္ဘာပေါ်မှာ ကျွန်တော်တို့ နိုင်ငံက လူတွေ လောက် ကြက်စွပ်ပြုတ် ကြိုက်တာ ရှာမှ ရှားပဲ။ ”
.
ဖျားနေလျက် နဲ့ ပင် စိတ်ကသိကအောက် ဖြစ်ပြီး အောင်ထွန်း အိမ်ပေါ်မှ ထ ကာ ထွက်သွားတော့သည်။ အောင်ထွန်း တော်တော် စိတ်ညစ်နေသည်။ တစ်ခါလာ လည်း ကြက်စွပ်ပြုတ် ၊ တစ်ခါလာ လည်း ကြက်စွပ်ပြုတ် ထူးထူးခြားခြား လေးတွေ မလုပ်တတ်တော့ဘူးလား။ လူဆိုတာ အသက်အရွယ် အလိုက် ကြိုက်နှစ်သက်မှု ဆိုတာ ပြောင်းတတ်တာ သဘာဝပဲ။ အဲ..တစ်သက်လုံး ဒီ တစ်မျိုးတည်းချည်း ကြိုက်နေရင် တော့ ပြဿနာ ရှိပြီ ။ နည်းနည်း မဟုတ် များများ လွဲနေပြီ။
.
(၂)
“ဟူး”
သက်ပြင်း တစ်ချက် မှုတ်ထုတ် လိုက်ကာ အောင်ထွန်း လက်ဖက်ရည်ဆိုင်သို့ သွားပြီး ချောင်ကျကျ စားပွဲတစ်လုံး မှာ ထိုင်နေမိသည်။ အိမ် က ထွက်လာပြီး အိမ်နားမှာ ရှိတဲ့ စာအုပ်အငှားဆိုင်က စာများများ ပါသည့် မဂ္ဂဇင်း တစ်အုပ် ကို ငှားလာခဲ့တာ နဲ့ လက်ဖက်ရည် သောက်ရင်း ၊ ရေနွေးသောက်ရင်း နှင့် စာအုပ် ကို စိမ်ပြေနပြေ ဖတ်နေမိတော့သည်။
.
စာအုပ်ဖတ်လိုက် ၊ ရေနွေးသောက်လိုက် နှင့် အချိန်က တော်တော်ကြာသွားသည်။ ရေနွေးများများ သောက်ထားသောကြောင့် ချွေးက ခပ်စို့စို့လေး ဖြစ်ပြီး ဖျားနေတာ တော်တော်လေး သက်သာသွားသည်။ ဆေးခန်းက ပေးသည့် ဆေးတွေ သောက်ထားတာကြောင့် လူက နည်းနည်းတော့ နုံးချိ အိပ်ငိုက်နေမိသည်။ ပြီးတော့ တစ်နေ့လုံးလည်း ဘာမှ မစားရသေးဘူးမဟုတ်လား။
.
(၃)

အောင်ထွန်း အပြော ကြောင့် ဒေါ်မြလေး တော်တော်လေး “နင်” သွားသည်။ ဒါပေမယ့် ဘာမှ မပြော သူ့ သား မကြိုက်တော့ ဘူး ဆိုတော့လည်း ဘာတတ်နိုင်မလဲ။ သူ့မှာ ဒီသားလေး တစ်ယောက်တည်း ရှိတာ။ ဒေါ်မြလေး ယောက်ျား ဆုံး ကတည်း က သားလေး က သူ့ ကို ရှာကျွေးလာတာဆိုတော့ သူ့သားလေး မျက်နှာ တစ်ချက် အပျက်မခံ။ ဒီရက်ပိုင်းထဲ အလုပ်တွေ က နေ့ ဆိုင်း ၊ ည ဆိုင်း ဆင်းရတာတွေ များတော့ သူ့ သား အောင်ထွန်း ကျန်းမာရေး ချူချာလာတာ ကြည့် ပြီး ဒေါ်မြလေး တစ်ယောက် စိတ်မကောင်းဘူး။ သူ ကိုယ်တိုင်က လည်း တစ်နိုင်တစ်ပိုင် အိမ်ဆိုင်လေး ဖွင့်ထားပေမယ့် တကယ့် တကယ် တမ်းကျတော့ အောင်ထွန်း လုပ်စာ နဲ့ မှ စားဝတ်နေရေး က ဖူဖူလုံလုံ ရှိတာလေ။ အဲဒါကြောင့် လည်း ဒေါ်မြလေး တစ်ယောက် သူ့ သားလေး နေမကောင်း ချိန်မှာ ဘေးကနေ လိုတာမရှိရအောင် ပြုစုနေရတာပေါ့။ အခုလည်း ကြည့်။ ဖျားနေတာကြောင့် သူ့သားလေး သူ့ကို ဘုကလန့်တိုက် စကားပြောသွားတာ ကို ဒေါ်မြလေး က စိတ်မကောင်းဖြစ်နေတာ။ ငါ့သားလေး ပင်ပန်းရှာတယ်။ နေမကောင်းချိန်မှာ တောင် သူ့ သား ကို သေချာ မပြုစု ပေးနိုင်ဘူးလို့ တွေးနေမိတယ်။
.
(၄)
တကယ်တမ်းတော့ အောင်ထွန်းက ဆယ်တန်းအောင် ပြီးပြီ။ ဒါပေမယ့် တက္ကသိုလ် ဆက်မတက်နိုင်တော့ဘူး။ အကြောင်းကတော့ သူဆယ်တန်းအောင် တဲ့ နှစ်မှာပဲ အောင်ထွန်း အဖေ ဆုံးတယ်။ အမေ မုဆိုးမကြီး တစ်ယောက်တည်း ရုန်းကန်နေရတာ ကို မကြည့်နိုင်တာ နဲ့ ဘဲ သူ ကျောင်းကိုနားလိုက်တော့တယ်။ သူ့ အမေ ဒေါ်မြလေး ကတော့ သူ့သားကို အဝေးသင်လေး ဖြစ်ဖြစ် တက်ပါလို့ ပြောပေမယ့် အောင်ထွန်း ဆုံးဖြတ်ချက် ချပြီးပြီ။ အလုပ်တစ်ခု ၀င်လုပ်တယ်။ သူတွေးတာက အပြင်မှာလည်း သူ အလုပ်လုပ်ရင်း လေ့လာစရာ ရှိတာတွေ လေ့လာမယ်။ ပြီးတော့ စာများများဖတ်ရင် အသိပညာ ဗဟုသုတ တွေ ရနိုင်တာပဲ လို့လေ။ တွေးတဲ့ အတိုင်းပဲ သူ အလုပ်ကို ကြိုးစားတယ်။ Marketing အလုပ် ကလေး တစ်ခု လုပ်ရင်း နဲ့ တစ်ဘက်က လည်း စာအုပ် စာပေ ကို မလွတ်တမ်း ဖတ်တယ်။ အိမ်နားမှာ စာအုပ်အငှားဆိုင် ရှိတယ်လေ။ အလုပ်သွားရင် တစ်အုပ် ၊ အလုပ်ပြန်ရင် တစ်အုပ် အမြဲတမ်းဝင်ငှား ဖြစ်တော့ စာအုပ်ဆိုင် နဲ့ ဆို အမျိုးလိုကို ဖြစ်နေတာ။ စာဖတ်ဖို့ အတွက် သူ့ လက်ဖက်ရည်ဖိုးတွေ တောင် တစ်ခါ တစ်လေ မရှိတာ မျိုးဖြစ်တယ်။
အောင်ထွန်းတွေးတာက စာဖတ်ရမယ်။ စာများများ ဖတ်ရမယ်။ ဒါ မှ အသိပညာ တိုးမယ်။ လူရာဝင်ဆံ့နိုင်မယ်။ ပညာရဲရင့် ပွဲလယ်တင့် ဆိုတဲ့ စကားကို အောင်ထွန်း လက်ကိုင် ထားမိတယ်။
.
(၅)
အောင်ထွန်း ကံကောင်းတယ်။ အစကတော့ မသိဘူး။ ရပ်ကွက်ထဲမှာ ဒီလိုပဲ တစ်ယောက်တည်း နေ တာပဲ။ စာအုပ်ဖတ်တယ်။ လက်ဖက်ရည်ဆိုင် ထိုင်တယ်။ တစ်နေ့တော့ ရပ်ကွက်ထဲမှာ လက်ဖက်ရည် ဆိုင်ထိုင်ရင်း လူတစ်ယောက် နဲ့ တစ်စားပွဲတည်း အတူထိုင်မိတာပဲ။ အဲဒီနေ့ က စလို့ အောင်ထွန်း ရဲ့ ဘ၀နေနည်း တမဟုတ်ချင်း ပြောင်းလဲသွားတယ်။ အခြားတော့ မဟုတ်ဘူး။ ရပ်ကွက်ထဲမှာ ကို ရင်နင့်အောင် ဆိုတဲ့ စာရေး ဆရာ တစ်ယောက် နဲ့ ခင်မင် မိတာပါပဲ။ အစကတော့ ရပ်ကွက်ထဲမှာ ရင်နင့်အောင် ကို မျက်မှန်းတန်းမိရုံပါပဲ။ စာရေးဆရာမှန်းတောင် မသိဘူး။ သူ့ပုံစံကလည်း လူက အသားမည်းမည်း ၊ အရပ်က ရှည်ရှည် ၊ ဆံပင်ကလည်း ဘုတ်သိုက်နဲ့ ဆိုတော့ စာရေးဆရာ လို့ ဘယ်ထင်မလဲ။ ထားပါတော့ အဲဒါက အရေးမကြီး ဘူး အရေးကြီးတာ က အောင်ထွန်း အတွက် စာပေဗဟု သုတ တွေ လေ့လာဖို့၊ မသိတာ ရှိရင် မေးမြန်းဖို့ အတွက် လူတစ်ယောက် ရှိလာတာပဲ။ အရင်ကဆို တစ်ယောက်တည်း စာတွေ ဖတ်နေတာ ၊ စာတွေ ထဲမှာပါတဲ့ စာပေသဘောတရားတွေ ဘာညာ ဆိုတာ မသိရင် ကျော်ပစ် ဆိုတဲ့ မူအတိုင်း ကျော်ဖတ်ခဲ့ရတာလေ။ အခုတော့ တကယ့် စာပေနယ်ထဲမှာ ရှိတဲ့ စာရေးဆရာ နဲ့ ခင်မင်ခွင့်ရတဲ့ အခါ အောင်ထွန်းအဖို့ စာဖတ်ရတာ အရင်က ထက် ပိုပြီး ထိရောက်မှု ရှိလာတာပေါ့။
.
(၆)
ရင်းနှီးသူတွေ ကတော့ ရင်နင့်အောင် ကို ဗိုလ်နင့် လို့ချစ်စနိုး ခေါ်ကြတယ်။ ခေတ်ပြိုင်စာပေ လောက ထဲမှာတော့ ဗိုလ်နင့် ဆိုတာ လေးစားရလောက်တဲ့ လူ ။ စာပေအသိုင်းအ၀ိုင်းထဲမှာ ဗိုလ်နင့် ကို မသိသူ မရှိဘူး။ ရှားတယ်။ တစ်ခါတစ်လေ ဗိုလ်နင့် အိမ်ကို စာပေသမားတွေ မခေါ်ဘဲ ရောက်လာ တတ်တယ်။ လူရင်း မိတ်ဆွေတွေပေါ့။ အဲဒီလို အခါမျိုးတွေ မှာ အောင်ထွန်းအဖို့ တော့ အားကျစရာ ကြီးပဲ။ စိတ်အပျော်ရွှင်ရဆုံးအချိန်ပဲလေ။ ညနေခင်း အလုပ်က ပြန်လာတဲ့ အချိန်မျိုးဆို ဗိုလ်နင့် အိမ်မှာ စာပေသမားတွေ နှစ်ယောက်စ၊ သုံးယောက်စ ရှိနေတတ်တယ်။ ဗိုလ်နင့် ရဲ့ အခင်မင်ဆုံး စာပေမိတ်ဆွေ ကဗျာ သမားတွေ ပေါ့။ သူတို့တွေ ရောက်နေတာမြင်ရင် အောင်ထွန်း လည်း မနေနိုင်ဘူး။ ဗိုလ်နင့် တို့ အိမ်ဘက် ကူးသွားတတ်တယ်။ အဲဒီကို ရောက်တော့လည်း စာပေသမား အချင်းချင်း စာအကြောင်း၊ ပေအကြောင်း ပြောဆို ဆွေးနွေးတာတွေကို အားကျ ငေးမော နားထောင် မှတ်သားပေါ့လေ။ ဗိုလ်နင့် နဲ့ အောင်ထွန်းနဲ့ ရင်းနှီးနေတော့ သူ့အိမ်ကို လာတဲ့ စာပေသမားတွေနဲ့ လည်း ရင်းနှီးလက်စ ပေါ့။
.
(၇)
အဲဒီနေ့က အောင်ထွန်း အလုပ်က ပြန်လာတာစောတယ်။ ဗိုလ်နင့်တို့အိမ် ဘက်ကနေ ဖြတ်လျှောက်တော့ အိမ်ရှေ့ မှာ စုဖွဲ့နေကြပြီ။ စာပေသမားတွေ လေ။ အဲဒါ နဲ့ အိမ်ပြန် ပြီး အလျင်စလို ပြန်ထွက် လာခဲ့လိုက်တယ်။ ဗိုလ်နင့်တို့ အိမ်ထဲ ရောက်တော့လာနေကျကဗျာသမား စာသမားတွေ အပြင် အသစ် တစ်ယောက် လည်း ပါလာတာကို သတိပြုမိတယ်။
အောင်ထွန်းရောက်တော့ သူတို့ စာပေ အကြောင်းတွေ ပြောနေ ကြတာကြောင့် မလှမ်းမကမ်းကနေပဲ နားထောင်နေ မိတယ်။
.
“တကယ်တော့ဗျာ ကြက်စွပ်ပြုတ်ဆိုတာ ငယ်တုန်း ပဲ ကောင်းတာဗျ။ ငယ်တုန်းမှာ ကြက်စွပ်ပြုတ်ကြိုက်တာ အကြောင်း မဟုတ်ဘူး။ ကြိုက်သင့်တယ်။ အသက် နည်းနည်း လေး ရလာလို့ ကြက်စွပ်ပြုတ် ကြိုက်ဦးတော့ ကိစ္စမရှိ သေးဘူး။ အသက်ကြီး တဲ့ အထိ ကြက်စွပ်ပြုတ်ပဲ ဖြစ်နေမယ် ဆိုရင်တော့ ဒါဟာ ပြဿနာရှိလာပြီ။ အသိဥာဏ် အဆင့် အတန်း နိမ့်ပါးနေတုန်းပဲလို့ တောင် ပြောလို့ရမယ်။ ခင်ဗျား ကြည့်လေ။ ကျွန်တော်တို့ နိုင်ငံမှာ ကြက်စွပ်ပြုတ်တွေ ပေါမှပေါ။ ကြက်စွပ်ပြုတ် လူကြိုက်များတော့ ကြက်စွပ်ပြုတ် တွေကလည်း နင်လား ငါလား နဲ့ အပြိုင်အဆိုင် ဖြစ်လာကြတာ။ ကျွန်တော်တို့ နိုင်ငံကလူတွေ လောက် ကြက်စွပ်ပြုတ် ကြိုက်တာ ကမ္ဘာနဲ့ ယှဉ်ရင်တောင် ရှားတယ်။”
.
မလှမ်းမကမ်း က ထိုင်နေတဲ့ အောင်ထွန်း တစ်ယောက် အသစ်ရောက်လာတဲ့ လူကို ကြည့်ရင်း “ဒီနေ့တော့ ဒီစာရေးဆရာတွေ စာပေအကြောင်း ဆွေးနွေးနေတာ မဟုတ်ဘူးပဲ။ အထူးအဆန်း” လို့ တွေးမိတယ်။ ဘာတဲ့ ကြက်စွပ်ပြုတ် ဆိုတာ ငယ်တုန်းပဲ ကောင်းတယ်၊ အသက်ကြီးလာလို့ မှ ကြက်စွပ်ပြုတ် ကြိုက်နေဆဲဆိုရင် မဟုတ်သေးဘူး ဆိုလား။ စဉ်းစားကြည့်တော့ လည်း ဟုတ်သလိုလိုပဲ။ ဆယ်တန်းတုန်းက အီကိုဆရာ စာသင်တာတောင် ပြန်သတိရ မိတယ်။ ဘာတဲ့ “လူတွေရဲ့ လိုအပ်ချက်နဲ့ အကြိုက်ဟာ အသက်အရွယ်နဲ့ အခြေ အနေ အချိန်အခါပေါ်မူတည်ပြီး ပြောင်းလဲ တတ်တယ်” ဆိုလား။ ဒါလေး တော့ ရေးတေးတေး မှတ်မိနေဆဲ။ အဲဒါ နဲ့ ယှဉ်တွေးရင် ဒီတစ်ယောက် ပြောတာဟာ ဖြစ်နိုင်တယ်လို့ အောင်ထွန်းတွေးမိတယ်။
.
စာရေးဆရာတွေ ၀ိုင်းက စကားစပြတ်သွား တော့မှ ဗိုလ်နင့် က အောင်ထွန်းကို သတိပြုမိပြီး သူတို့ ၀ိုင်းနားလာထိုင်ဖို့ ခေါ်တယ်။ သူတို့ ၀ိုင်းဘေး နား ကပ်ထိုင်တော့ ဗိုလ် နင့် က အခုမှ ပါလာတဲ့ သူ့သူငယ်ချင်း နဲ့ အောင်ထွန်းကို မိတ်ဆက်ပေးတယ်။ နာမည်က “သူရဿဝါ” တဲ့လေ။ နာမည်က အဆန်းပဲ။ အောင်ထွန်းကတော့ သူသိပ်ကြိုက်တဲ့ ဂမ္ဘီရ ၀ထ္ထုတွေရေးတဲ့ စာရေးဆရာမှတ်တာ။ ဘယ်ဟုတ်မလဲ ၊ ခေတ်ပြိုင်ကဗျာတွေ အားကောင်း မောင်းသန် နဲ့ ရေးအားကောင်းတဲ့ ခေတ်ပြိုင်ကဗျာဆရာ ဆိုပဲ။ သူ့စိတ်ထဲ သူရဿဝါ ကို မှတ်မိသွားတယ်။ စိတ်ထဲကနေ လည်း ချစ်စနိုး နဲ့ နာမည် ပေးလိုက်တယ်။ ကြက်စွပ်ပြုတ် ကဗျာဆရာလေး။
.
(၈)
.
ဒေါ်မြလေး နေမကောင်းဘူး။ နေမကောင်းတာက စိတ် ထဲက နေမကောင်းတာ။ သားလေး ဖျားပြီး အပြင်ထွက်သွားတာ အအေးတွေ ပတ်ကုန်တော့မှာပဲ တွေးမိတယ်။ သူ့ ကို စိတ်ဆိုးပြီး ထွက်သွားတာ ပြန်မလာတော့ မျှော်တယ်။ မျှော်သာ မျှော်တယ်။ တော်တော်ကြာတဲ့ အထိ ပြန်မလာဘူး။ သွားနေကျ လက်ဖက် ရည် ဆိုင် ထိုင်နေတာထင်ပါရဲ့။ ထိုင်တွေးနေရင်း ဒေါ်မြလေး ဒီလို ထိုင်နေလို့ မဖြစ်ဘူး ဆိုပြီး သတိရတယ်။ ဈေးသွားရမယ်။ သူ့သား နေမကောင်းတာ ဘာမှလည်း မယ်မယ်ရရမစား။ ဆေးသောက်ချိန် နီးမှသာ မုန့်လေး နည်းနည်းပါးပါး စားပြီး ဆေးသောက်တာ အားနည်းနေလိမ့်မယ်။ သူခံတွင်းတွေ့မယ့် ဟာ တစ်ခုခု စီမံမှပဲ။ နေမကောင်းတုန်း သူ လုပ်ပေးတာတွေ လည်း မစားချင် မသောက်ချင်ပဲ အမြဲငြင်း နေတော့ ခက်တယ်။ သူမကြိုက်တာ မလုပ်ဘဲ သူလည်း အကြိုက်တွေ့မယ့် ဟာ တစ်ခုခု လုပ်မှပဲ လို့တွေးရင်း ဈေးကို သွားတော့တယ်။
.
(၉)
.
စာဖတ်လိုက် ၊ ဟိုတွေး ဒီတွေးလိုက် ၊ လက်ဖက်ရည်ဆိုင် က ဖွင့်တဲ့ သီချင်း နားထောင်လိုက် ၊ ရေနွေးသောက်လိုက်နဲ့ အောင်ထွန်း လက်ဖက်ရည် ဆိုင်ကနေ ထ တော့ ညနေတောင် စောင်းနေပြီ။ ဗိုလ်နင့်တို့ အိမ်ဘက်ရောက်တော့ ခြံဝိုင်း ထဲမှာ စာရေးဆရာ တစ်ယောက်စ နှစ်ယောက်စ ရှိတယ်။ အထဲဝင်သွားပြီး သူတို့ ဟိုဟိုဒီဒီ ပြောနတာ ကို နားထောင် နေရင်း လူက သိပ်မလန်းချင် တော့တာနဲ့ ဗိုလ်နင့် ကို နှုတ်ဆက်ပြီး အိမ်ပြန်လာ ခဲ့တယ်။ အိမ်ပေါက်ဝ ရောက်တော့ အောင်ထွန်း အမေ ဒေါ်မြလေး က အပြင်သွားဖို့ ထွက်လာတာနဲ့ တန်းတိုးတော့တယ်။
.
“သားရယ်..ဘယ်လျှောက်သွားနေတာလဲ မျှော်နေတာ။ အမေ ဟိုဘက်ရပ်ကွက်က ဓမ္မာရုံမှာ တရားပွဲ ရှိလို့ အဲဒါ သွားမလို့ ၊ သား မလာသေးရင် တောင် အိမ်ကို ကြည့်ထားပေးဖို့ ဘေးအိမ်က ဒေါ်ခင်လေးယု ကို မှာနေသေးတာ။ သား ဘာမှ မစားရသေးဘူး မဟုတ်လား။ မီးဖို ချောင်ထဲက စားပွဲခုံပေါ်မှာ သားစားဖို့ လုပ်ပေးထားတယ်။ ကြိုက်ကြိုက်မကြိုက်ကြိုက် စားလိုက်ပါ။ မြန်မြန်နေကောင်းဖို့ လိုတယ်လေ..” ဆိုပြီး ပြောတာ နဲ့ အောင်ထွန်းလည်း ပြီးပြီးရော “အင်းအင်း..” လို့ တုန့်ပြန်ပြီး အိမ်ထဲ ၀င်ခဲ့လိုက်တယ်။ ဒေါ်မြလေး ကတော့ ယောဂီ တဘက်လေး ပခုံးပေါ်တင်လို့ သုတ်သုတ် သုတ်သုတ် နဲ့ ထွက်သွား တော့တယ်။
.
(၁၀)
အောင်ထွန်း အိမ်ပေါ် တက်တော့ မီးပျက်တာနဲ့ တိုးပါလေရော။ အဲဒါနဲ့ ဖယောင်းတိုင် တစ်တိုင် ကို ထွန်းပြီး ဘုရားစင်မှာ ပူဇော်လိုက်တယ် ။ ပြီးတော့ နောက်ထပ် ဖယောင်းတိုင် တစ်တိုင် နဲ့ မီးဖိုချောင်ထဲ ကိုဝင်သွားတယ်။ မီးဖိုချောင် ထဲက စားပွဲပေါ်မှာတော့ အုပ်ဆောင်းနဲ့ အုပ်ထားတဲ့ အောင်ထွန်းအမေ ပြင်ပေးထားခဲ့တဲ့ စားစရာ။ စားပွဲနား ကပ်သွားတော့ စားပွဲပေါ်မှာ မီးခြစ်နဲ့ ဖိထားတဲ့ စာရွက်တစ်ရွက်တွေ့တယ်။
“သား ခံတွင်းပျက်နေလို့ အမေ ၊ တခြားဟာ ပြောင်းပြီး ချက်ထားတယ်။ အားရှိအောင် စားလိုက်နော်” ဆိုပြီး စာတိုလေး တွေ့တယ်။ တရားပွဲ သွားစရာ ရှိလို့ သူပြန်လာတာ နဲ့ မကြုံရင် တွေ့အောင် ရေးထားခဲ့တာပဲ။ စာရွက်ကို ချထားလိုက်ပြီး အုပ်ဆောင်း ကို လှန်လိုက်တော့ ပူပူနွေးနွေးပဲ ရှိသေးတဲ့ ဟင်းပန်းကန် က အနံ့ ကြောင့် ဗိုက်ဆာနေတာ ပိုသိသာလာတော့တယ်။ အနံ့ က မွှေးပျံ့လွန်းလို့ ကြည့်လိုက်တော့ ပန်းကန်ထဲမှာက အသားတုံးလေး တွေ နဲ့ အဆီပျံနေတဲ့ ဟင်းရည်ကလေးတွေ က စားချင်စရာ။ ဘာပဲဖြစ်ဖြစ် အောင်ထွန်း တစ်ယောက် ဟန်ဆောင်မနေနိုင်တော့ ဗိုက်ကလည်း ဆာနေတာကြောင့် သူ့အမေ ချက်ပြီး ထားခဲ့သည့် ၀က်စွပ်ပြုတ် ကို အားရပါးရ ငုံ့ကာ လွေးရင်း သောက်နေမိတော့သည်။
.
credit  to : ကျော်ညိုသွေး

Comments