Skip to main content

စိတ်ဓာတ်ကြံ့ခိုင်သူတွေက ဒီအချက်တွေကို (လုံးဝ)မလုပ်ဘူး

Facebook ပေါ်မှာ တက်ကျမ်းတွေ၊ အောင်မြင်ရေးစာစုတွေ တွေ့ရတာ အများအပြားဖြစ်မှာပါ။ ဒီတစ်ခုကတော့ အခြားစာစုတွေနဲ့ မတူပါဘူး။ ဘာလုပ်ပါ ဘာလုပ်ပါလို့ ပြောနေမယ့်အစား တစ်ခုခု မလုပ်နိုင်သေးရင်လည်း ဒီအချက်လေးတွေကို ရှောင်ပေးရုံနဲ့ ဘဝကို ဖြတ်သန်းဖို့ လိုအပ်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ရလာနိုင်မှာပါ။
ဟုတ်ပါတယ်၊ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ ခင်ဗျားဘာလုပ်တယ်ဆိုတဲ့ အရာတွေမှာတင် တွေ့နိုင်တာ မဟုတ်ပါဘူး။ ခင်ဗျား ဘာတွေ မလုပ်ဘူး၊ ဘာတွေကို ရှောင်ကြဉ်နိုင်တယ်ဆိုတာမှာလည်း တွေ့နိုင်ပါတယ်။

စိတ်ဓာတ်ကြံ့ခိုင်သူတွေက ဒါတွေ မလုပ်ဘူး

၁။ သူတို့ကိုယ်ကို သနားပြီး အချိန်တွေ ဖြုန်းမနေဘူး

ကိုယ့်ကိုယ်ကို သနားနေတာဟာ ကိုယ့်ကိုယ်ကို မသိလိုက်မသိဘာသာ ဖျက်စီးနေတာနဲ့ အတူတူပါပဲ။ ဘဝတစ်လျှောက်လုံး ငါ ဘာမဖြစ်ရလေခြင်း၊ ငါ့မှာ ဒါတွေ မပိုင်ရလေခြင်းဆိုတဲ့ ကိုယ့်ကိုယ်ကို သနားနေတဲ့ စိတ်တွေမှာပဲ မွေ့လျော်နေတာဟာ အချိန်ဖြုန်းခြင်းသက်သက်ပါပဲ။ အဲ့ဒါအပြင် အပျက်သဘောအတွေးအမြင်တွေလည်း တိုးလာရုံမက၊ ဒီထက်ပိုဆိုးလာရင် မိသားစု၊ အချစ်ရေးစတဲ့ လူမှုဆက်ဆံရေးတွေကိုပါ ထိခိုက်လာစေပါတယ်။
ဒါတွေကို ဘယ်လို ဖျောက်မလဲ၊ ကိုယ်မလုပ်နိုင်တဲ့ အရာတွေ၊ ကိုယ့်မှာ မရှိတဲ့ အရာတွေအတွက် စိတ်ဓာတ်ကျ၊ဝမ်းနည်းနေမယ့်အစား ကိုယ်ပိုင်ဆိုင်တဲ့ ကောင်းတဲ့ အရာတွေ၊ ကိုယ့်မှာပဲ ရှိတဲ့ အရည်အချင်းတစ်ခုခုကို ဖြစ်ဖြစ် အသိအမှတ်ပြုဂုဏ်ယူပစ်လိုက်ပါ။ ကိုယ့်မှာ မရှိသေးတဲ့ အရာတွေ အတွက် ဝမ်းနည်းနေမယ့်အစား ကိုယ့်မှာ ရှိတဲ့ အရာတွေကိုသာ ကျေးဇူးတင်ပစ်လိုက်ရင် အတော်လေး စိတ်ချမ်းသာ နေသာထိုင်သာ ရှိသွားမှာ အမှန်ပါ။

၂။ သူတို့ဟာ သူများရဲ့ အတွေးအမြင်တွေပေါ်မှာ ရပ်တည်မနေဘူး၊ လွှမ်းမိုးမခံဘူး။

ဘယ်လောက်ပဲ ဆုံးဖြတ်ချက်ခိုင်မာတယ်ဆိုဆို သူများဆွယ်တဲ့ အခါ ကိုယ်မလုပ်ချင်တဲ့ အရာတစ်ခုခုကို လုပ်မိသွားတာမျိုး၊ ကိုယ်မလုပ်သင့်တဲ့ အရာမျိုးကို လုပ်လိုက်မိတာမျိုးတွေ ရှိတတ်ပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်ပေါ် ကိုယ်ခိုင်ခိုင်မြဲမြဲရပ်တည်ဖို့ လိုပြီး လိုအပ်လာရင် အားနာမှုနဲ့ ကိုယ့်ကြား စည်းတားသင့်ရင် တားရပါမယ်။ ပြီးတော့ ဘဝမှာ ဘာတွေပဲ အခက်အခဲကြုံခဲ့ ကြုံခဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကနေ လွဲမသွားဖို့လည်း ကြိုးစားရပါမယ်။
ဥပမာအနေနဲ့ဆိုရင်တော့ အော်ပရာဝင်းဖရေးပေါ့၊သူဟာ သူရဲ့ ဆုံးဖြတ်ချက်နဲ့ စွမ်းအင်တွေပေါ်မှာ မယိုင်မလဲ ရပ်တည်ခဲ့သူပါ။ဆင်းရဲမွဲတေမှုနဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုခံရမှုတွေနဲ့ ရှင်သန်ကြီးပြင်းခဲ့ရပေမယ့် ဒီအရာတွေက သူ့ဘဝကို ဖျက်ဆီးခွင့်မပေးဘဲ ကိုယ်သွားမယ့်လမ်းကြောင်းကို သိပြီး ရောက်အောင် လျှောက်လှမ်းခဲ့သူလည်း ဖြစ်ပါတယ်။

၃။ ပြောင်းလဲမှုတွေကို မကြောက်ရွံ့ဘူး

ပြောင်းလဲမှုတစ်ခုမှာ အကြို ဆင်ခြင်သုံးသပ်ခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်း၊ စတင်လုပ်ဆောင်ခြင်းနဲ့ ပြုပြင်ထိန်းသိမ်းခြင်းဆိုပြီး ရှိရာမှာ အဲ့ ၅ချက်လုံးကို သေသေချချာလိုက်လုပ်ဖို့ဟာ သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ ပိန်အောင် ကြိုးစားမယ်ဆိုပြီး ပြောင်းလဲမှုတစ်ခုမှာ ပိန်ချင်တယ်ဆိုပြီး ဝိတ်ချဖို့ နေ့ရက်ရွေးနေတဲ့ နေရာမှာပဲ ရပ်တန့်နေလို့ မရပါဘူး၊ ဆက်လက်လုပ်ဆောင်ရပါမယ်။
အပြောင်းအလဲလုပ်ရတာ ကြောက်စရာကောင်းပါလိမ့်မယ်။ ဒါပေမယ့် ပြောင်းလဲရမှာ ကြောက်လွန်းနေရင်တော့ ခင်ဗျားရဲ့ တိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေမှာ အသေအချာပါပဲ။ ဆိုရိုးတစ်ခုကတော့ ‘တစ်ခုခုကို ရဖို့ ကြာကြာစောင့်လေ၊ ရဖို့ ပိုခက်လာလေပါပဲ’တဲ့။

၎။ သူတို့ လက်လှမ်းမမီတဲ့ အရာတွေကို အာရုံစိုက်မနေဘူး

အရာရာကို ထိန်းချုပ်ကိုင်တွယ်နိုင်တယ်ဆိုတာကောင်းပါတယ်။ ဒီလိုကောင်းပါတယ်ဆိုတာနဲ့ပဲ အရာရာကို ကိုယ့်ထိန်းချုပ်မှုအောက်ရောက်အောင် လုပ်ဆောင်နေမယ်ဆိုရင်တော့ စိတ်ပူပန်မှုကိုပဲ တိုးပွားစေမှာ ဖြစ်ပါတယ်။
အခု လူတွေက ဘယ်လို ဖြစ်နေလဲဆိုတော့ ကိုယ်စိုးရိမ်ပူပန်မှုဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေထိန်းချုပ်ရမယ့် အစား ကိုယ်မပိုင်တဲ့ ပတ်ဝန်းကျင်က ကိစ္စတွေကို လိုက်ထိန်းချုပ်ဖို့ လုပ်နေတာပါပဲ။ တချို့အရာတွေက ခင်ဗျားလိုက်ထိန်းချုပ်လို့ မရဘူးဆိုတာ လက်ခံပါ။ မီးပွိုင့်တွေကို ခင်ဗျားထိန်းချုပ်လို့ မရဘူး၊ မိုးရွာတာကို ခင်ဗျားထိန်းချုပ်လို့ မရဘူး။ ဒီလို ထိန်းချုပ်မရတဲ့ အရာတွေကို စိတ်တိုနေမယ့်အစား ခင်ဗျားလုပ်လို့ ရတာတွေ၊ ခင်ဗျားပြင်ဆင်စရာရှိတာတွေကိုပဲ အကောင်းဆုံးအာရုံစိုက်မယ်ဆိုရင် နေရတာ ပိုပြီး ပျော်လာမယ်၊ စိတ်ဖိစီးမှုတွေ နည်းလာမယ်၊ လူတွေနဲ့ ဆက်ဆံရတာ ပိုအဆင်ပြေလာမယ်၊ စိတ်ရှုပ်နေလို့ မမြင်ခဲ့တဲ့ အခွင့်အလမ်းသစ်တွေ ပိုမြင်လာပြီး အောင်မြင်မှုတွေ ပိုရလာမှာပါ။

၅။ လူတွေအားလုံးကို စိတ်ကျေနပ်အောင် မလုပ်နိုင်ဘူးဆိုတာ သူတို့ သိတယ်

လူတွေ ကိုယ့်ကို ဘယ်လို သဘောထားလဲလို့ မကြာခဏတွေးနေမိတာဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိစေတယ်ဆိုတာ ယုံပါ။  လူတွေကို အမြဲတမ်းပျော်အောင်လုပ်ပေးဖို့ ဆိုတာ သက်သက်အချိန်ဖြုန်းနေတာပါပဲ၊ ပြီးတော့ ဒီလို လူတွေကို ကျေနပ်အောင် လုပ်ပေးတဲ့သူတွေဟာ လူတွေရဲ့ အလွယ်တကူ ကြိုးကိုင်ခြယ်လှယ်ခြင်းကို ခံရတတ်သူဖြစ်လာတတ်ပါတယ်။ တချို့သူတွေ ကိုယ့်ကို စိတ်ဆိုးတာ၊ စိတ်ပျက်တာဟာ သဘာဝတရားပါပဲ၊ ကိုယ်တစ်ယောက်တည်းမှ ထူးပြီး ဖြစ်တာ မဟုတ်ပါဘူးလို့ သဘောထားပါ။
လူတွေကို ပျော်အောင်၊ စိတ်ကျေနပ်အောင် ထားချင်တဲ့ စိတ်ထားကို လွှတ်ချလိုက်ပြီဆိုတာနဲ့ ခင်ဗျား ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်လာ၊ ပိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမှာပါ။

၆။ စွန့်စားရမှာ ၊အရဲစွန့်ရမှာ မကြောက်ကြဘူး

လူတော်တော်များများက Risk ယူရမှာ ကြောက်ပါတယ်။ ငွေရေးကြေးရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေး ဒါမှမဟုတ် လုပ်ငန်းကိစ္စ ဘာပဲ ဖြစ်ဖြစ် စွန့်စားရမှာ ကြောက်ကြပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေကတော့ Risk ယူရမှာ ကြောက်မယ့်အစား တွက်ချက်ပြီးတော့ စွန့်စားကြပါတယ်။
Risk ကို တွက်ချက်ပြီး ယူတဲ့ နေရာမှာ ဒီအချက်တွေဟာ ထည့်သွင်းစဉ်းစားတဲ့နေရာမှာ တန်ဖိုးရှိစေမှာပါ။
  • ဖြစ်နိုင်တဲ့ ကုန်ကျစရိတ်
  • ရလာနိုင်တဲ့ အကျိုးအမြတ်
  • ဘယ်အရာတွေက ကိုယ့်ပန်းတိုင်ကို ရောက်အောင် ကူညီနိုင်မလဲ
  • ဘယ်အရာတွေက မကူညီနိုင်ဘူးလဲ
  • မျှော်မှန်းထားတဲ့အတိုင်း အကောင်းဆုံးဖြစ်လာရင် ဘယ်လို အကျိုးအမြတ်ရမလဲ
  • အဆိုးဆုံးဖြစ်လာရင်ရော၊ ဆုံးရှုံးမှုတွေကို ဘယ်လို လျှော့ချရမလဲ
သူတို့က ဒီလိုမျိုး စဉ်းစားတွက်ချက်ပြီး Risk တွေကို ယူကြပါတယ်။

၇။ အတိတ်မှာ နေထိုင်တာမျိုး မလုပ်ကြဘူး

အကြိမ်ကြိမ်အခါခါ ပြောခဲ့သလိုပါပဲ အတိတ်ဟာ အတိတ်ပါပဲ၊ ဘယ်နည်းနဲ့မှ ပြောင်းလဲအောင် မလုပ်နိုင်တော့ပါဘူး။ အတိတ်ကို ပြန်လည်တမ်းတနေခြင်းဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးနေခြင်းတစ်မျိုးသာဖြစ်ပြီး ပစ္စုပ္ပန်ကို အာရုံစိုက်ဖို့နဲ့ အနာဂတ်အတွက် အစီအစဉ်ရေးဆွဲဖို့ကိုတောင် ပျက်ကွက်မေ့လျော့နေအောင် လုပ်နိုင်ပါတယ်။ အတိတ်မှာ နေတာဟာ ဘာကောင်းကျိုးမှ မရတဲ့ အပြင် စိတ်ဓာတ်တွေသာ ကျသည်ထက်ကျလာစေမှာပါ။
အတိတ်က ရနိုင်တာ တစ်ချက်ကတော့ သင်ခန်းစာတွေဖြစ်ပြီး အဲဒီ သင်ခန်းစာတွေကိုတော့ ရယူသင့်ပါတယ်။ အဲဒီတုန်းက ဖြစ်ခဲ့တဲ့ စိတ်ခံစားချက်တွေထက် အချက်အလက်တွေကိုပဲ ယူပြီး လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် လုပ်ဆောင်နိုင်တာ တစ်ခုပဲ အတိတ်ကို သတိရကောင်းတဲ့ အကျိုးအမြတ်ပါ။

၈။ အမှားတစ်ခုတည်းကို ထပ်ခါ၊ထပ်ခါ လုပ်လေ့မရှိဘူး

အပေါ်ကပြောသလို အရင်က အမှားတွေကို ပြန်စဉ်းစားတာဟာ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မလုပ်ဖို့နဲ့ ကိုယ်မှားခဲ့တဲ့ အရာတွေကနေ သင်ကြားဖို့၊ နောက်တစ်ကြိမ်ကျ ပိုကောင်းအောင် ကြိုးစားဖို့နဲ့ ဘယ်လို မတူအောင် လုပ်ဖို့ဆိုတာတွေ အတွက်ပဲ ဖြစ်ပါတယ်။
စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့သူတွေက အတိတ်က သူတို့ အပြစ်တွေအတွက် တာဝန်ရှိတယ်ဆိုတာကို လက်ခံပြီး အနာဂတ်ကျ ဆင်တူအမှားမျိုးမဖြစ်ရလေအောင် ဆင်ခြင်နိုင်ကြပါတယ်။

၉။သူတစ်ပါးရဲ့ အောင်မြင်မှုကို မုဒိတာပွားကြပါတယ်

မနာလိုအူပုပ်တယ်ဆိုတာ မကောင်းဘူးဆိုတာသိပေမယ့် ဘယ်လို မကောင်းဘူးဆိုတာတော့ သေသေချာချာသိမယ် မထင်ပါဘူး။ တကယ်တော့ ဒီလိုပါ သူတစ်ပါးရဲ့ အောင်မြင်မှုကိုပဲ တစ်ချိန်လုံးနားစွင့်နေတဲ့သူ၊ အာရုံစိုက်နေတဲ့သူဟာ ကိုယ်လုပ်ရမယ့်အလုပ်တွေမှာ အားလျော့သွားတတ်တာဟာ မကောင်းတာပါ။
တကယ်လို့ ခင်ဗျား အောင်မြင်လာရင်တောင်၊ သူများတွေနဲ့ နှိုင်းယှဉ်ပြီး ဘယ်တော့မှ ကိုယ့်အောင်မြင်မှုကို ပြည့်ပြည့်ဝဝကျေနပ်တော့မှာ မဟုတ်ပါဘူး။ ဒီလိုသာ သူများ ကိစ္စတွေကိုပဲ ဂရုစိုက်နေမယ်ဆိုရင်တော့ ခင်ဗျားမှာ ရှိတဲ့ အရည်အချင်းတွေ၊ တိမ်မြုပ်နေတဲ့ တန်ဖိုးတွေကို မျက်စိလျှံသွားမှာ အသေအချာပါပဲ။

၁၀။ ပထမဆုံးအကြိမ်မှာ ရှုံးနိမ့်ခဲ့ရင်တော့ ဘယ်တော့မှ လက်လွှတ်အရှုံးမပေးဘူး

အောင်မြင်မှုဆိုတာ ရုတ်တရက် ပေါက်ဖွားလာတဲ့ အရာမဟုတ်ပါဘူး၊ အခက်အခဲတွေ၊ အတားအဆီးတွေ ကျော်ဖြတ်ပြီးမှသာ ရရှိလာနိုင်တဲ့ အရာပါ။ ဥပမာအရဆိုရင် ကမ္ဘာအရပ်ရပ်မှာ ကလေးစာအုပ်ကော်ပီပေါင်း သန်း ၆၀၀ လောက် ရောင်းချခဲ့ရတဲ့ သီအိုဒေါ ဂိုင်ဆယ် (Theodor Giesel) ဟာဆိုရင် သူ့ရဲ့ ပထမစာအုပ်ထွက်ဖို့ကို ထုတ်ဝေသူ ၂၀လောက်က ပယ်ချတာခံခဲ့ရသူပါ။
ရှေ့တစ်လှမ်းတိုးဖို့ နောက်တစ်လှမ်းဆုတ်ပြီး အားယူရတယ်ဆိုတဲ့ အတိုင်း ရှုံးနိမ့်မှုတွေကို အားအဖြစ်မွေးယူပြီး အောင်မြင်သည်အထိ ရှေ့ဆက်တတ်တဲ့ စရိုက်ကို စိတ်ဓာတ်ကြံ့ခိုင်သူတွေမှာ တွေ့ရမှာပါ။

၁၁။ တစ်ယောက်တည်းနေရတဲ့ အချိန်တွေကို မကြောက်ပါဘူး

မြန်မာနိုင်ငံမှာဆိုရင် ငယ်ငယ်တည်းက ၂ယောက်တစ်တွဲသွားပါ ဆိုပြီး သင်ကြားခံထားရတော့ လူအတော်များများဟာ ဘယ်ကိစ္စဖြစ်ဖြစ် အဖော်လေးပါမှ လုပ်တတ်တာ အကျင့်ဖြစ်နေပါပြီ။ တကယ်တော့ တစ်ယောက်တည်း နေပြီး ဟိုတွေး၊ဒီတွေး၊ ဟိုလုပ်၊ဒီလုပ် လုပ်နေရတဲ့ အချိန်တွေဟာ ဥာဏ်အလင်းပွင့်ဆုံးအချိန်တွေဖြစ်ပြီး အတွေးသစ်၊အမြင်သစ်တွေ အပေးနိုင်ဆုံးအချိန်ပါ။ လူတွေနဲ့ သဟဇာတဖြစ်ဖို့ စဉ်းစားနေစရာမလိုတဲ့ အတွက် ကိုယ့်အတွက်ကိုယ် စဉ်းစားစရာ အချိန်တွေ အများကြီးထွက်လာတတ်ပါတယ်။
တစ်ယောက်တည်းနေခြင်းရဲ့ ကောင်းတဲ့ အချက်တွေကတော့
  • အလုပ်မှာ တစ်ယောက်တည်းနေတဲ့ အချိန်မှာ အလုပ်ပြီးမြောက်နိုင်စွမ်းပိုမြင့်ပါတယ်
  • တစ်ယောက်တည်းနေတဲ့ အချိန်တွေမှာ သူများတွေကို မျှဝေခံစားနိုင်ဖို့ ပိုလွယ်ပါတယ်
  • တစ်ယောက်တည်းနေတဲ့ အချိန်တွေမှာ စိတ်ကူးတီထွင်ဆန်းသစ်နိုင်စွမ်းတွေ ပိုရလေ့ရှိပါတယ်

၁၂။ ကမ္ဘာကြီးက သူတို့ အပေါ် ဘာအကြွေးမှ တင်မနေဘူးဆိုတာ သိထားပြီသားပါ

လူတွေဟာ မအောင်မြင်တိုင်း၊ ဆုံးရှုံးရတိုင်း အလွယ်တကူ စိတ်ဆိုးလေ့ရှိကြပါတယ်။ ဘဝဟာ မတရားပါဘူး၊ ဒါကို အမြဲသတိစွဲထားရပါမယ်၊ သူများတွေက ကိုယ့်ထက် ပိုအောင်မြင်၊ ပိုပျော်ရွင်နေတာတွေ့ရင် ဒါဟာ ဘဝပါလို့ လက်ခံရပါမယ်။
အဓိကအချက်ကတော့ ကိုယ့်အလုပ်တွေအပေါ် အာရုံစိုက်၊ ဝေဖန်မှုတွေကို လက်ခံပြီး ကိုယ့်အားနည်းချက်တွေကိုလည်း အမြဲတမ်း ဆင်ခြင်သိနေဖို့ပဲ ဖြစ်ပြီး အဲဒီအစား လူတွေနဲ့ လိုက်နှိုင်းယှဉ်နေရင်တော့ ကမ္ဘာကြီးက မတရားဘူးဆိုပြီး ဒေါသထွက်စရာပဲ ရှိတာမဟုတ်ပါလားခင်ဗျာ။

၁၃။ ချက်ချင်းလက်ငင်းအောင်မြင်လာမယ်လို့ မမျှော်လင့်ထားကြဘူး

အစစ်အမှန်မျှော်လင့်ချက်တွေကို ကျော်လွန်ပြီး တစ်ညတည်းနဲ့ အောင်မြင်ချင်တယ်ဆိုတာ လူတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါပဲ။ ဒီလိုအချက်တွေကို စိတ်ဓာတ်ပျော့ညံ့တဲ့ သူတွေက အလွန်အကျွံတွေ ယုံစားကြပါတယ်၊ စိတ်လည်း မရှည်တတ်ကြပါဘူး၊ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေကို အရမ်းအထင်ကြီးပြီး ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်တာကို မသိတော့ဘဲ ချက်ချင်းလက်ငင်းထအောင်မြင်ချင်ကြတော့တာပါပဲ။
ကိုယ့်ရဲ့ အောင်မြင်မှုကို အမြဲတမ်းစိတ်ကူးပုံဖော်ထားပြီး လုပ်စရာရှိတာကို မရပ်မနားလုပ်တာကမှ စိတ်ဓာတ်ကြံ့ခိုင်သူတွေ လုပ်တာပါ။ ဆုံးရှုံးမှုတွေ တွေ့ကောင်းတွေ့နိုင်ပေမယ့် အဲဒီ ဆုံးရှုံးမှုတစ်ခု၊ အောင်မြင်မှုတစ်ခုနဲ့ ကိုယ့်တိုးတက်မှုနှုန်းကို မတိုင်းဘဲ ကိုယ့်အကြီးမားဆုံးပန်းတိုင်ကို မြင်ယောင်ပြီးသာ အောင်မြင်မှုဆီ တရွေ့ရွေ့ချီတက်တာမျိုးက ပိုပြီး အလုပ်ဖြစ်စေပါတယ်။

credit to : ရိုးလူ (အခရာ)


Comments

Popular posts from this blog

မိုဘိုင်းဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့အခါ မှားတတ်တဲ့အလေ့အထများ

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ အချို့ပုံကောင်းတွေမရဘဲ သူများဓာတ်ပုံတွေက ဘာလို့ပိုလှနေလဲဆိုပြီး ခံစားမိတတ်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ရိုက်ကူးတဲ့ နေရာအတူတူ၊ သုံးတဲ့ မိုဘိုင်းဖုန်းလည်း အတူတူနဲ့ အခြားသူ ရိုက်ကူးတဲ့ပုံက ကိုယ့်ပုံထက် ပိုမိုက်နေတာကို တွေ့ကြရပြီး ဘာကြောင့်လဲဆိုပြီး ကိုယ့်ကိုယ်ကို မေးတတ်ကြပါတယ်။ ဒါဟာ ဓာတ်ပုံပညာမှာ အချို့ မလုပ်သင့်တဲ့ ဝိသေသလေးတွေကို ကိုယ်က သတိမထားဘဲ လုပ်လိုက်မိလို့ သူများကကိုယ့်ထက် အနည်းလေးဓာတ်ပုံပညာ သိထားတာကြောင့် အချို့နေရာတွေမှာ ဓာတ်ပုံကောင်း တစ်ပုံသူတို့ရရှိ သွားကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရ လေအောင် ဓာတ်ပုံပညာမှာ သိထားရမယ့် အခြေခံ အကြောင်းအချက် အချို့ကို ဝေမျှလိုပါတယ်။ Horizontal မျဉ်းတွေ ရေပြင်ညီဖြစ်အောင် မရိုက်ကူးခြင်း အချို့ဓာတ်ပုံကောင်းတွေမှာ မျဉ်းကြောင်းတွေဟာ အလွန်အရေးပါတာကို တွေ့ရပါတယ်။ ပင်လယ်ပြင်ကြီးကို နောက်ခံထားရိုက်ကူးတဲ့ အခါမှာ ရေပြင်ညီမျဉ်းကြောင်းဖြစ်ဖို့က အထူးအရေးကြီးပါတယ်။ အချို့သော တံတားတွေ ရိုက်ကူးတဲ့အခါမှာ မျဉ်းပြိုင်ဖြစ်နေတဲ့ တံတားဘောင်တွေ၊ ဓာတ်တိုင်တွေ၊ ဆိုင်းဘုတ်တွေ စတာတွေကို ရိုက်ကူးတဲ့ အခါမှာ မျဉ်းကြောင်

Personal Branding ဆိုတာ

တချို့လူတွေက မိမိတော်ကြောင်း တတ်ကြောင်း ထုတ်ဖော်ကြွားဝါးတတ်ကြတယ်။ မိမိ အာဏာ၊လုပ်ပိုင်ခွင့်သုံးပြီး ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို Branding လို့ထင်နေကြတယ်။ တကယ်တော့ အဲ့အရာက တက်တက်စင်လွဲပါတယ်။ Branding အစစ်မှန်က ဘာလဲ… " Personal Branding ဆိုတာ မိမိအခန်းထဲမှာ မရှိတဲ့နောက် အခြားလူတွေပြောကြတဲ့ ကိုယ့်အကြောင်းတဲ့"   Credit To ; ပေါင်းသင်းဆက်ဆံမူစွမ်းရည်

Coffee , Marketing point view ?

အမှန်တော့ ဒီသတင်းက ၂၀၁၆ တည်းက အဟောင်းပါ။ မြန်မာပြည်ရဲ့ ၄၂ % ဆိုတာ တစ်ဝက်နီးပါးပဲ။ ဒီဈေးကွက်ကြီးက မသောက်ရမနေနိုင်အောင် စွဲလမ်းနေပြီဆိုတော့ ခိုင်မာတဲ့ ဈေးကွက်လို့ အကြမ်းမျဉ်း ယူဆလို့ရပြီ။ နောက်ကျန်တဲ့ ၅၈% ထဲကနေလည်း အမြဲမဟုတ်တောင်မှ တစ်ခါတစ်လေ သောက်သူက ၁၀% လောက်တော့ ရှိဦးမယ်။ ကိုင်း . . . Marketing Point of View အရ ကျွန်တော်တို့ ဘာလုပ်လို့ရမလဲ။ . . . ကျွန်တော် စဉ်းစားမိထားတာလေးတွေကို နောက်နေ့ နံနက် ၉ နာရီမှာ Post Edit လုပ်ပြီး တင်ပေးထားပါ့မယ်။ အဖြေမှန်လား မမှန်လား ၊ idea အသစ်ဖြစ်လား မဖြစ်လား သိချင်ရင်တော့ Comment လေးတွေ ချန်ထားပြီး ဦးနှောက်ကို အလုပ်ပေးကြတာပေါ့။ Noti ယူခဲ့မယ်ဆိုလည်း Noti ဆိုတာလေးတော့ ရေးပေးခဲ့ပါဦး။ ================ ဟုတ်ကဲ့ အားလုံးဖြေထားတဲ့ အဖြေတွေကို သုံးသပ်ကြည့်ရင် ထုတ်လုပ်ရေးဖြစ်တဲ့ ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရယ် ၊ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ ကော်ဖီဆိုင်ရယ်ကို အဓိက ဦးတည်ထားတာ တွေ့ရပါတယ်။ ဒါတွေဟာ ဈေးကွက်ထဲကို တိုက်ရိုက်ဝင်ရောက် ပြိုင်ဆိုင်တဲ့ သဘောပါ။ ကျွန်တော့်ရဲ့ ဓာတ်ပုံလေးကို တစ်ချက်ပြန်ကြည့်ရင် ပြည်တွင်း ကော်ဖီတံဆိပ်တစ်ခုရယ် ပြည်ပကော်ဖီ တံဆိပ်နှစ်ခုရယ်ကို ေ